Friday, February 11, 2011

အချစ်

video
ဖြူတုတ်နဲ့ Duet ဆိုနေကျ aungtun1 ရဲ့အကူအညီနဲ့ဆိုထားတာပါ။ နှစ်ယောက်လုံး အသံဝင်ပြီး ပြန်ထွက်ခါစအချိန်မှာဆိုထားတော့ vocalwise တော်တော်လေးကို အားနည်းပါတယ်။ ပန်းလေးတွေကို အမှတ်တရသိမ်းထားချင်လို့ တင်လိုက်တာပါ။ ဖြူတုတ်ရိုက်ထားတာ မဟုတ်ပါဘူး။ Longwood Garden ကိုသွားလည်ရင်းနဲ့ သူငယ်ချင်းရိုက်လာတာကို ယူသုံးထားပါတယ်။

ကျေးဇူးတင်ပါတယ်
ဖြူတုတ်လေး

Thursday, February 10, 2011

သံယောဇဉ်တစ်မျှင်


သံယောဇဉ်ဆိုတာ.... ယေဘုယျအားဖြင့်တော့ လူတစ်ဦးမှ အခြားလူတစ်ဦးအပေါ် (သို့) ပစ္စည်းတစ်ခုအပေါ် (သို့) သတ္တဝါလေးတစ်ကောင်အပေါ် စသည် စသည်ဖြင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း ပေါ်ပေါက်လာတတ်တဲ့ စိတ်ခံစားချက်တစ်ခုလို့ ဖြူတုတ် နားလည်ထားပါတယ်။ ဒီဝေါဟာရလေးနဲ့ ပတ်သက်ပြီး ဖြူတုတ်ရဲ့ဘဝမှာ အမှတ်ရစရာ အဖြစ်အပျက်ကလေးတွေ ရှိခဲ့ပါတယ်။ အခုပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ ထူးထွေဆန်းပြားမှုတွေနဲ့ တန်ဆာဆင်ထားတာ မဟုတ်ပေမဲ့ ဒီဝေါဟာရလေးရဲ့ အနက်အဓိပ္ပါယ်ကို ထင်ဟပ်စေတယ်လို့ ပေါ်လွင်စေတယ်လို့ မြင်မိပါတယ်။

လွန်ခဲ့တဲ့ (၁၈)နှစ်ကျော်အချိန်ကာလက ဖြူတုတ်တို့မိသားစုဟာ မြို့နဲ့အလှမ်းဝေးတဲ့ ရပ်ကွက်အသစ်လေးတစ်ခုသို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ရပ်ကွက်အဖြစ် ရုပ်လုံးပေါ်စဆိုတော့ ရပ်ကွက်အလယ်ပိုင်းမှာသာ ပြောပလောက်အောင် လူနေအိမ်ခြေရှိပြီး ဟိုဖက်အစွန် ဒီဖက်အစွန်မှာကျတော့ အိမ်ခြေမရှိသလောက်ပါပဲ။ ဖြူတုတ်တို့ ပြောင်းလာတဲ့ အပိုင်းက မြို့ထဲနဲ့ပိုနီးတဲ့ ရပ်ကွက်အဝင်ပေါ့။ ဒီရပ်ကွက်ကလေးရဲ့မြေပေါ်မှာ ခြေချချချင်း ဖြူတုတ်တွေးမိတာကတော့ အဂါဂြိုဟ်ပေါ်မှာ အိမ်ဆောက်နေရင် ဒီလိုနေမှာပဲလို့။ ဟုတ်တယ်လေ... အိမ်အဝင်မှာ ကျင်းချိုင့်လေးတွေနဲ့ ပြည့်နှက်နေတဲ့  မြေသားနီနီလမ်းလေးက သက်သေပဲ။ ဗိုလ်ချုပ်လမ်းမကြီးမှ လှမ်းကြည့်လိုက်ရင် ဖြူတုတ်တို့ရဲ့ ဆေးအဖြူသုတ်ထားတဲ့ မီးခိုးရောင်ပြတင်းရွက်လေးတွေနဲ့ အိမ်က ထီးထီးကြီး။ လမ်းမကြီးမှ ဆင်းလာလိုက်ရင် ဖြူတုတ်တို့အိမ်ထိရောက်အောင် အိမ်လေးငါးအိမ်စာလောက် လမ်းလျှောက်ရမယ် ထင်တယ်။ လမ်းထောင့်အိမ်ဖြစ်တော့ အိမ်ရှေ့နဲ့အိမ်ဘေး (လက်ယာ)မှာ လမ်းများရှိပြီး၊ အိမ်နောက်နဲ့အိမ်ဘေး (လက်ဝဲ) ကျပြန်တော့ သူဋ္ဌေးတစ်ဦးရဲ့ ငွေပိုငွေလျှံများနဲ့ ဝိုင်းရံခြင်း ခံထားရပြန်ပါတယ်။ (ရေခဲတောင် အအေးဆိုင်ပိုင်ရှင် သူဋ္ဌေးက ငွေတွေပိုလို့ ဝယ်ထားတဲ့ ခြံတွေပါတဲ့။)  သူဋ္ဌေးရဲ့ခြံထဲမှာ မုံရွာမြို့ရဲ့ ခြံဝင်းတိုင်းလိုလိုမှာရှိတဲ့ တမာပင်တချို့ရှိတဲ့အပြင် လူမနေသောကြောင့် ချုံပုတ်များ၊ အလေ့ကျပေါက် တောရိုင်းပင်များနှင့် ထူထပ်လှပါတယ်။ အဲဒီတော့ လာအစာရှာဆော့ကစားတဲ့ စာကလေးများ၊ ချိုးကလေးများ၊ ဆက်ရက်ကလေးများ၊ တခါတရံ တောကျက်တူရွေးလေး တစ်ကောင်စနှစ်ကောင်စ၊ သျှဥ့်ကလေးများ၊ အခြားသတ္တဝါငယ်ကလေးများနဲ့ သာယာနာပျော်ဖွယ်ဆိုပါစို့။ မွန်းကျပ်ဆူညံလှတဲ့ မြို့ထဲလိုနေရာမျိုးကို မနှစ်သက်တဲ့ ဖေဖေလိုလူအတွက်တော့ ဒီရပ်ကွက်လေးရဲ့ အေးချမ်းဆိတ်ငြိမ်မှူကို ချီးမွမ်းလို့မဆုံးတော့။ အလုပ်နဲ့ပိုနီးသွားလို့ ပိုသဘောကျတာလဲ ပါတာပေါ့။ ဖြူတုတ်တို့ ကလေးတွေအတွက်လည်း နေရာသစ်ဖြစ်ပြီး အမြင်ဆန်းနေတော့ ဘာမှန်းမသိဘဲနဲ့ကို ပျော်နေတာ။ အဲဒီအပျော်များဟာ ညအချိန်လဲရောက်ရော နေလုံးကြီးနဲ့အတူ ပျောက်ကွယ်သွားတယ်ထင်ပ။ ညဥ့်နက် လူခြေတိတ်ချိန်များဆိုရင်... အိမ်မြှောင် နံရံပေါ်မှာ ရှပ်သွားတဲ့အသံတောင် ကြားနိုင်လောက်တဲ့အထိ တိတ်ဆိတ်လှတဲ့ ရပ်ကွက်ကလေး။ ကိုရွှေတောက်တဲ့ကလဲ ဟောလိုက်ရတဲ့ မိုးလေဝသဗေဒင်။ ဆိတ်ငြိမ်တဲ့ညအချိန်မှာ 'အောက်အဲ့' ဆိုတဲ့အသံလောက် စိတ်ကို ခြောက်ခြားစေတာ မရှိဘူး။ ကိုယ့်ကို လာတွယ်ကပ်တော့မှာပဲ ဆိုတဲ့အတွေးနဲ့ အရမ်းကိုကြောက်တာ။ ခွေးကပါအူလိုက်လို့ကတော့ ကိုယ့်ကုတင်ကနေ ညီမလေးရဲ့ ကုတင်ပေါ်ကို Bruce Lee သိုင်းကွက်နင်းပြီး အမြန်ကိုရောက်တာပဲ။ (ဟုတ်တယ် ညီမလေးက ဖြူတုတ်ထက် နှစ်နှစ်သာပိုငယ်တယ်။ သတ္တိကတော့ အပြန်နှစ်ရာလောက် ပိုကောင်းတယ်။ ) ကလေးသာသာဆိုတော့ ဟိုအသံမြည်လည်းကြောက်၊ ဒီအသံကြားလည်းကြောက်နဲ့ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရချိန်တွေ ရှိခဲ့တာ သိပ်တော့မဆန်းပါဘူးလေ။ ဖြူတုတ်အတွက် အထူးစိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခုရှိသေးတယ်။ အဲဒါကတော့ မြို့တည်ကာစ ရပ်ကွက်မကျ တောအုပ်မက ဖြစ်ခြင်းရဲ့ အားနည်းချက်တစ်ခု လို့ဆိုရမလားဘဲ... ချိုး၊ ဆက်ရက်အစရှိတဲ့ ငှက်ပစ်သူ ပေါများခြင်းပါပဲ။ ခဲမှန်ထားတဲ့ ငှက်ကလေးများဟာ မကြာခဏဆိုသလို ဖြူတုတ်တို့ရဲ့ လသာဆောင်ပေါ်မှာ လာရောက်ဇီဝိန်ချုပ်ကြရရှာတယ်။ လသာဆောင်ဟာ ဖြူတုတ်တို့ညီအစ်မနှစ်ယောက် စာကျက်တဲ့နေရာနဲ့ တဆက်တည်းဆိုတော့ 'ဘုတ်' ဆိုတဲ့အသံကြားတိုင်း ဒိုင်ခံထကြည့်သူကတော့ ညီမလေးပေါ့။ ဖြူတုတ်ကတော့ ဘာကြောင့်မှန်းမသိ၊ ငှက်ကလေးများ အတုန်းအရုန်း ဖြစ်နေပုံကိုကြည့်ရတာ စိတ်မကောင်း ဖြစ်တဲ့အပြင် အူပါယားတဲ့အတွက် ထွက်မကြည့်ဖြစ်တာ များပါတယ်။  ထွက်ခဲ့ရင်တောင် မျက်နှာကို လက်ဖဝါးနဲ့အုပ်ပြီး လက်ကြားကလေးတွေမှပဲ ကြည့်ရဲပါတယ်။ ဖြူတုတ်မှာ Phobeiaတစ်ခုရှိတယ်။ ခွေးကလေး၊ ကြောင်ကလေးတွေ ကလွဲရင် တခြား အမွှေးအမှင်ပါတဲ့ အကောင်ခပ်သေးသေးများကို မထိရဲမကိုင်ရဲတဲ့ ပြသနာပါပဲ။ (ဖြူတုတ်ကို ရယ်နေကြပြီလား မသိဘူး)

Tuesday, November 3, 2009

Halloween Humour



ဒီက ကလေးတွေ မျှော်လင့်စောင့်စားနေကြသော Oct 31 မှာကျရောက်ခဲ့တဲ့ Halloween ကတော့ပြီးဆုံးသွားပါပြီ။ သူတို့ခမျာမှာတော့ Trick or Treat ဆိုအော်ပြီး အိမ်ပေါက်စေ့လည်လို့ ပျော်လိုက်ရတယ် မထင်ပါဘူး။ Candy တွေလည်း မျှော်လင့်ထားသလောက်မှ ရကြရှာရဲ့လား မသိ။ ဘာဖြစ်လို့လဲလို့ မေးလာရင် 'ပွဲဖျက်တဲ့မိုး' ရယ်လို့ သူတို့ကလေးတွေက ဦးရာလူ တိုင်တည်ကြမည် အမှန်။ မိုးလင်းကတည်းက တအိအိရွာလိုက်တဲ့မိုးဟာ နေဝင်မိုးချုပ်အထိ မရပ်မစဲနိုင်အောင်ပဲ။ အရမ်းကြီးသည်းတာမဟုတ်ပဲ သွားရလာရ အဆင်မပြေရုံ ရွာတဲ့မိုး။ ကလေးတွေကို ထိုင်မရထမရ ဖြစ်စေတဲ့မိုးဆိုရင် ပိုမှန်မယ်ထင်တယ်။ မိုးမင်းကြီးက Candyထွက်တောင်းချင်တဲ့ ကလေးတွေအပေါ် ဘာအငြိုးရှိနေ မှန်းမှ မသိတာနော်။ မိုးမင်းကြီးဆိုလို့လေ ဖြူတုတ်တို့ရဲ့ ကလေးဘဝကို ခဏတောင် ပြန်ပြောင်း သတိရလိုက်မိသေးတယ်။ မုံရွာမှာ သီတင်းကျွတ် ဘုရားကြီးပွဲ ဆင်နွှဲတဲ့အချိန်ဆို မိုးရွာတတ်တယ်လေ။ ဖြူတုတ်တို့က ကလေးပဲရှိသေးတာဆိုတော့ လူကြီးမပါရင် မသွားနိုင်သေးတဲ့ အရွယ်။ အဲဒီတော့ ဖေဖေအလုပ်ပါးတဲ့ စနေ၊ တနင်္ဂနွေထိရောက်အောင် စိတ်ကိုဆွဲဆန့်ပြီး စောင့်ရတာပေါ့။ ကိုယ်သွားမဲ့နေ့မှာမှ မိုးရွာလိုက်ရင် ခဲလေသမျှ သဲရေကျပဲ။ ဆိုတော့ မိုးလေဝသနားထောင်ပြီး မိုးရွာခြေရှိတယ်ဆိုရင် အရှင်ဥပဂုတ္တရုပ်ထုတော်ကို ရေကြိုလောင်းလိုလောင်းနဲ့ ရှုတ်လိုက်တဲ့အလုပ်။ ပြန်ဆက်ရရင် စနေနေ့မှာကျရောက်တဲ့ Halloweenမှာ လွတ်လွတ်လပ်လပ် ပျော်မယ်လို့ အားခဲထားတဲ့ ခမျာရှာတို့မတော့ ဒီမိုးကြောင့် Angelina Jolieထက် ပိုထူပြီးစုတဲ့ နှုတ်ခမ်းပိုင်ရှင်လေးများ ဖြစ်နေတော့မှာပေါ့။ တချိန်တည်းမှာပဲ Costumeဝတ်ရတာ သိပ်ပြီး ဝါသနာမပါတတ်သူ ဖြူတုတ်ကတော့ ဒီနှစ် အိမ်မှာပဲနေပြီး ကလေးတွေ ဝတ်စားလာတာကို ကြည့်မယ်ပေါ့။ (အရင်နှစ်တွေက သာမန်အဝတ်အစားနဲ့ပဲ သွားတော့ အဟားခံရတယ်လေ။ ဒီနှစ်တော့ မရဘူးလို့ ရာဇသံ ထွက်လာလို့။) ဖြစ်ချင်တော့ ကလေးတွေလည်း မလည်နိုင်တော့တဲ့အတွက် ဖြူတုတ်လည်း သိပ်မကြည့်ရဘူးပေါ့။ အဲဒီလိုနဲ့ ခပ်ပျင်းပျင်းအရှိမှာ email ကိုစစ်လိုက်တော့ အဒေါ်လိုခင်တဲ့ 'ကြီးကြီး KAT' ဆီကနေ ပေးပို့လာတဲ့ ဒီ Halloweenဟာသလေးများကို တွေ့တော့တာပါပဲ။ ဖြူတုတ်နှစ်သက်မိလို့ စာဖတ်သူတို့နဲ့ မျှဝေလိုက်ပါတယ်။ တချို့ကာတွန်းလေးတွေဟာ ရယ်စရာသက်သက် ဖြစ်သလို၊ တချို့ကကျတော့ ခေတ်ရဲ့လက်ရှိအခြေအနေကို တစေ့တစောင်း ထင်ဟပ်စေပါတယ်။ ဖြူတုတ်ရဲ့စာကို ဖတ်နေရင်း 'ဟဲ့ နိဒါန်းချီလို့ကို မပြီးနိုင်သေးဘူး' လို့ တွေးနေရင် ဒီမှာပဲ လက်ကို ဘရိတ်အုပ်လိုက်ပါပြီ။ ဟာသလေးတွေကို ခံစားကြည့်ကြပါနော်။

Monday, October 26, 2009

Chocolate လေးက ပြောတဲ့အသက်





ဒီတခါလည်း ပေါ့ပေါ့ပါးပါးလေး တစ်ခုပါပဲ။ သမ္ဘာရင့် Blogger ညီအစ်ကို မောင်နှမများရဲ့ စကားကိုငှါးသုံးရမယ် ဆိုရင်တော့ ဖြူတုတ် ဆားချက်လိုက်တယ်လို့ ဆိုရမလားပဲ။ ဖြူတုတ်ရဲ့ Blogသက်က ငယ်လွန်းတော့ ဆားတောင်တူးအောင် ချက်အုံးမလား မပြောတတ်ပါဘူး။ စာဖတ်သူရဲ့ လက်ထဲကို ဝကွက်အပ်လိုက်ပါပြီ။ မငံရင်တောင် မခါးဘူးလို့မျှော်လင့်ရတာပါပဲ။

ဖြူတုတ်အခု မျှဝေချင်တာကတော့ လူတစ်ယောက်ရဲ့အသက်ကို ချောကလက်ဘယ်လောက် ကြိုက်သလဲဆိုတာအပေါ်မှာ မူတည်ပြီး ခန့်မှန်းခြင်းပါ။ အဆိုကတော့ သူများတွေကိုသာ အသက်လိမ်လို့ရမယ်၊ Mr.Hersheyကိုတော့ လိမ်လို့မရဘူးတဲ့။ တယ်ဆိုတဲ့ စာပါလား။ ကြည့်ရတာကတော့ အသက်အမှန် မပြောချင်တဲ့သူများကို လှည့်စားချင်တဲ့ သဘောလားမသိ။ ဖြူတုတ်တော့ စိတ်ဝင်စားမိတာ အမှန်ပဲ။ တချိန်တည်းမှာပဲ စဉ်းစားမိတာက ဘယ်လောက် တိကျနိုင်မှာလဲနော်။ မဖြစ်နိုင်ဘူးပေါ့။ မယုံကြည်သူများ (ဖြူတုတ်အပါအဝင်) စမ်းကြည့်လို့ရအောင် Formula လေးကို အောက်မှာ ရေးပေးထားပါတယ်။ ဖြူတုတ်နဲ့ အတူတူ စမ်းကြည့်ရအောင်။ စိတ်အရမ်း မလောနဲ့တဲ့၊ တစ်မိနစ်လောက်ပဲ ကြာတာပါတဲ့၊ cheat လဲမလုပ်ရဘူးတဲ့ (ပို့ပေးတဲ့ သူငယ်ချင်းက ပြောတယ်)။ အိုး... ဒါလောက်ကတော့ ဖြူတုတ်တို့က လိုက်နာနိုင်ပါတယ်။ 'မ'တိကျ (ဒေါ်တိကျလဲ ဖြစ်လို့ရနေပါပြီ)လို့တောင် နာမည်တွင်သေးတာပဲ။ ပြောနေတာကြာပါတယ်။ နံပါတ်စဉ်အတိုင်း ဖြည်းဖြည်းမှန်မှန် တစ်ဆင့်ခြင်း လိုက်နာကြည့်ကြရအောင်။ အောက်ဆုံးကိုကျော်ပြီး ကြိုမကြည့်ကြေးနော်... ok... ready လား? စကြစို့ရဲ့။

Monday, October 19, 2009

ရှောင်မည်ရှားမည် ဂျူရီဂျူတီ (Jury Duty)


အမေရိကန်တိုင်းပြည်ရဲ့ တရားရေးစနစ်မှာ ပြစ်မှူကျူးလွန်ထားသည်ဟု စွပ်စွဲခံထားရသော တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့တစ်ခုကို တရားစီရင်ရာမှာ ဂျူရီ (Jury) စနစ်ဆိုတာရှိပါတယ်။ အဲဒီစံနစ်ဟာ တရားသူကြီးနဲ့ ဂျူရီလူကြီးများ (Jurors)ဆိုပြီး ဖွဲ့စည်းထားတာပါ။ ပြစ်မှူ (သို့မဟုတ်) တရားရုံး အမျိုးအစားပေါ်မှာမူတည်ပြီး ဂျူရီလူကြီးများရဲ့ အရေအတွက်ဟာ ၆ယောက်မှ ၁၂ယောက်အထိ ရှိနိုင်ပါတယ်။ ဒါကိုတော့ ဖြူတုတ် အသေးစိတ် မရေးနေတော့ပါဘူး။အသက်၁၈နှစ်ပြည့်ပြီးသော အမေရိကန်နိုင်ငံသားတိုင်း ဂျူရီလူကြီးအဖြစ် ထမ်းဆောင်နိုင်ပါတယ်။ သတ်မှတ်ချက်တချို့တော့ ရှိပါသေးတယ်။ အင်္ဂလိပ်စကားကောင်းကောင်း နားလည် ပြောဆိုနိုင်ခြင်း၊ စိတ်နဲ့ ကိုယ်လက်အင်္ဂါ ချို့ယွင်းချက်မရှိရခြင်း၊ မှူခင်းမှူရာ ကင်းရှင်းရခြင်း အစရှိသဖြင့်ပေါ့လေ။ ဒါပေမဲ့ ဂျူရီလူကြီးတစ်ယောက် ဖြစ်လာဖို့အတွက် အလုပ်လျှောက်ရတာမျိုး အင်တာဗျူးသွားရတာမျိုး မလိုအပ်ပါဘူး။ ပြစ်မှူတစ်ခုကို စစ်ဆေးဖို့ရှိလာရင် တရားသူကြီးရဲ့ လက်အောက်မှာရှိတဲ့ ရှေ့နေက အဲဒီသတ်မှတ်ချက်များနဲ့ ကိုက်ညီနိုင်သော သူများကို မဲပေးသူများစာရင်း (သို့မဟုတ်) ကားမောင်းလိုင်စင် ရှိသူများစာရင်းမှ randomly ဆင့်ခေါ်ခြင်းဖြစ်ပါတယ်။ အဲဒီလို ဆင့်ခေါ်ခံရသူများကို အရည်အချင်းစစ် မေးခွန်းများ ဖြေဆိုခိုင်းပြီး အောင်မြင်သူများကို ဂျူရီလူကြီး တာဝန်ထမ်းဆောင်နိုင်သူအဖြစ် လျာထားပါတယ်။ လျာထားသူတွေထဲကမှတခါ ဂျူရီလူကြီးအဖြစ် randomly ရွေးကောက်ခြင်းဖြစ်ပါတယ်။ ဆိုတော့ တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ၊ မထမ်းဆောင်ရသည်ဖြစ်စေ တရားရုံးမှာ အချိန်ကုန်လူပန်း ဖြစ်ကြရတာကို မနှစ်သက်သူများပါတယ်။   လူအများစုကတော့ ဆင့်ခေါ်စာရောက်ပြီ ဆိုကတည်းက ဒီတာဝန်ကနှုတ်ထွက်ခွင့်ရအောင် အကြောင်းပြချက်မျိုးစုံ ပေးကြတော့တာပါပဲ။ အချို့တရားရုံးတွေမှာတော့ ဂျူရီတာဝန်ကနေ လွှတ်ပေးနိုင်တဲ့ အကြောင်းပြချက်များကို ကြေငြာထားပါတယ်။ အသက်၇၀ကျော်နေရင်၊ ၂နှစ်အတွင်း ဂျူရီတာဝန် ထမ်းဆောင်ထားရင်၊ မီးသတ်သမားလုပ်အားပေး (သို့) ကယ်ဆယ်ရေးသမား (သို့) လူနာတင်ယာဉ် ကူညီရေးအဖွဲ့ အသင်းဝင်အဖြစ် volunteerလုပ်နေရင် စာတင်ပြီး excuseပေးအောင် လျှောက်ထားနိုင်ပါတယ်။ ဖြူတုတ်ဒီလို နိဒါန်းပျိုးနေရခြင်း အကြောင်းကတော့ တနေ့မှာ ဖြူတုတ်ရဲ့ သူငယ်ချင်းတစ်ယောက်လဲ ဆင့်ခေါ်ခံရပါရော။ အဲဒီမှာ သူကဘယ်လိုအကြောင်းပြချက် ပေးသင့်သလဲလို့ တိုင်ပင်လာပါတယ်။ (ဖြစ်ချင်တော့ သူက အထက်ပါအကြောင်းပြချက်တွေနဲ့ မကိုက်ညီနေဘူးလေ။) ဖြူတုတ်ကလဲ ကြံရဖန်ရတော့မယ်ဆိုရင် သိပ်အဖြစ်မရှိဘူး။ အဲဒီတော့ လက်စွဲတော် Googleထုံးကို နှလုံးမူလိုက်ရာမှာ အောက်ပါ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းပြချက်ကလေးတချို့ကို တွေ့ရှိမှတ်သားရပါတယ်။ အခုပြောမဲ့ (၈)ခုလောက်ကတော့ ဖြူတုတ်ကိုစိတ်ဝင်စားစေတယ်။  စာဖတ်သူများ စိတ်ဝင်စားမလားမသိဘူး။