Thursday, February 10, 2011

သံယောဇဉ်တစ်မျှင်


သံယောဇဉ်ဆိုတာ.... ယေဘုယျအားဖြင့်တော့ လူတစ်ဦးမှ အခြားလူတစ်ဦးအပေါ် (သို့) ပစ္စည်းတစ်ခုအပေါ် (သို့) သတ္တဝါလေးတစ်ကောင်အပေါ် စသည် စသည်ဖြင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း ပေါ်ပေါက်လာတတ်တဲ့ စိတ်ခံစားချက်တစ်ခုလို့ ဖြူတုတ် နားလည်ထားပါတယ်။ ဒီဝေါဟာရလေးနဲ့ ပတ်သက်ပြီး ဖြူတုတ်ရဲ့ဘဝမှာ အမှတ်ရစရာ အဖြစ်အပျက်ကလေးတွေ ရှိခဲ့ပါတယ်။ အခုပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ ထူးထွေဆန်းပြားမှုတွေနဲ့ တန်ဆာဆင်ထားတာ မဟုတ်ပေမဲ့ ဒီဝေါဟာရလေးရဲ့ အနက်အဓိပ္ပါယ်ကို ထင်ဟပ်စေတယ်လို့ ပေါ်လွင်စေတယ်လို့ မြင်မိပါတယ်။

လွန်ခဲ့တဲ့ (၁၈)နှစ်ကျော်အချိန်ကာလက ဖြူတုတ်တို့မိသားစုဟာ မြို့နဲ့အလှမ်းဝေးတဲ့ ရပ်ကွက်အသစ်လေးတစ်ခုသို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ရပ်ကွက်အဖြစ် ရုပ်လုံးပေါ်စဆိုတော့ ရပ်ကွက်အလယ်ပိုင်းမှာသာ ပြောပလောက်အောင် လူနေအိမ်ခြေရှိပြီး ဟိုဖက်အစွန် ဒီဖက်အစွန်မှာကျတော့ အိမ်ခြေမရှိသလောက်ပါပဲ။ ဖြူတုတ်တို့ ပြောင်းလာတဲ့ အပိုင်းက မြို့ထဲနဲ့ပိုနီးတဲ့ ရပ်ကွက်အဝင်ပေါ့။ ဒီရပ်ကွက်ကလေးရဲ့မြေပေါ်မှာ ခြေချချချင်း ဖြူတုတ်တွေးမိတာကတော့ အဂါဂြိုဟ်ပေါ်မှာ အိမ်ဆောက်နေရင် ဒီလိုနေမှာပဲလို့။ ဟုတ်တယ်လေ... အိမ်အဝင်မှာ ကျင်းချိုင့်လေးတွေနဲ့ ပြည့်နှက်နေတဲ့  မြေသားနီနီလမ်းလေးက သက်သေပဲ။ ဗိုလ်ချုပ်လမ်းမကြီးမှ လှမ်းကြည့်လိုက်ရင် ဖြူတုတ်တို့ရဲ့ ဆေးအဖြူသုတ်ထားတဲ့ မီးခိုးရောင်ပြတင်းရွက်လေးတွေနဲ့ အိမ်က ထီးထီးကြီး။ လမ်းမကြီးမှ ဆင်းလာလိုက်ရင် ဖြူတုတ်တို့အိမ်ထိရောက်အောင် အိမ်လေးငါးအိမ်စာလောက် လမ်းလျှောက်ရမယ် ထင်တယ်။ လမ်းထောင့်အိမ်ဖြစ်တော့ အိမ်ရှေ့နဲ့အိမ်ဘေး (လက်ယာ)မှာ လမ်းများရှိပြီး၊ အိမ်နောက်နဲ့အိမ်ဘေး (လက်ဝဲ) ကျပြန်တော့ သူဋ္ဌေးတစ်ဦးရဲ့ ငွေပိုငွေလျှံများနဲ့ ဝိုင်းရံခြင်း ခံထားရပြန်ပါတယ်။ (ရေခဲတောင် အအေးဆိုင်ပိုင်ရှင် သူဋ္ဌေးက ငွေတွေပိုလို့ ဝယ်ထားတဲ့ ခြံတွေပါတဲ့။)  သူဋ္ဌေးရဲ့ခြံထဲမှာ မုံရွာမြို့ရဲ့ ခြံဝင်းတိုင်းလိုလိုမှာရှိတဲ့ တမာပင်တချို့ရှိတဲ့အပြင် လူမနေသောကြောင့် ချုံပုတ်များ၊ အလေ့ကျပေါက် တောရိုင်းပင်များနှင့် ထူထပ်လှပါတယ်။ အဲဒီတော့ လာအစာရှာဆော့ကစားတဲ့ စာကလေးများ၊ ချိုးကလေးများ၊ ဆက်ရက်ကလေးများ၊ တခါတရံ တောကျက်တူရွေးလေး တစ်ကောင်စနှစ်ကောင်စ၊ သျှဥ့်ကလေးများ၊ အခြားသတ္တဝါငယ်ကလေးများနဲ့ သာယာနာပျော်ဖွယ်ဆိုပါစို့။ မွန်းကျပ်ဆူညံလှတဲ့ မြို့ထဲလိုနေရာမျိုးကို မနှစ်သက်တဲ့ ဖေဖေလိုလူအတွက်တော့ ဒီရပ်ကွက်လေးရဲ့ အေးချမ်းဆိတ်ငြိမ်မှူကို ချီးမွမ်းလို့မဆုံးတော့။ အလုပ်နဲ့ပိုနီးသွားလို့ ပိုသဘောကျတာလဲ ပါတာပေါ့။ ဖြူတုတ်တို့ ကလေးတွေအတွက်လည်း နေရာသစ်ဖြစ်ပြီး အမြင်ဆန်းနေတော့ ဘာမှန်းမသိဘဲနဲ့ကို ပျော်နေတာ။ အဲဒီအပျော်များဟာ ညအချိန်လဲရောက်ရော နေလုံးကြီးနဲ့အတူ ပျောက်ကွယ်သွားတယ်ထင်ပ။ ညဥ့်နက် လူခြေတိတ်ချိန်များဆိုရင်... အိမ်မြှောင် နံရံပေါ်မှာ ရှပ်သွားတဲ့အသံတောင် ကြားနိုင်လောက်တဲ့အထိ တိတ်ဆိတ်လှတဲ့ ရပ်ကွက်ကလေး။ ကိုရွှေတောက်တဲ့ကလဲ ဟောလိုက်ရတဲ့ မိုးလေဝသဗေဒင်။ ဆိတ်ငြိမ်တဲ့ညအချိန်မှာ 'အောက်အဲ့' ဆိုတဲ့အသံလောက် စိတ်ကို ခြောက်ခြားစေတာ မရှိဘူး။ ကိုယ့်ကို လာတွယ်ကပ်တော့မှာပဲ ဆိုတဲ့အတွေးနဲ့ အရမ်းကိုကြောက်တာ။ ခွေးကပါအူလိုက်လို့ကတော့ ကိုယ့်ကုတင်ကနေ ညီမလေးရဲ့ ကုတင်ပေါ်ကို Bruce Lee သိုင်းကွက်နင်းပြီး အမြန်ကိုရောက်တာပဲ။ (ဟုတ်တယ် ညီမလေးက ဖြူတုတ်ထက် နှစ်နှစ်သာပိုငယ်တယ်။ သတ္တိကတော့ အပြန်နှစ်ရာလောက် ပိုကောင်းတယ်။ ) ကလေးသာသာဆိုတော့ ဟိုအသံမြည်လည်းကြောက်၊ ဒီအသံကြားလည်းကြောက်နဲ့ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရချိန်တွေ ရှိခဲ့တာ သိပ်တော့မဆန်းပါဘူးလေ။ ဖြူတုတ်အတွက် အထူးစိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခုရှိသေးတယ်။ အဲဒါကတော့ မြို့တည်ကာစ ရပ်ကွက်မကျ တောအုပ်မက ဖြစ်ခြင်းရဲ့ အားနည်းချက်တစ်ခု လို့ဆိုရမလားဘဲ... ချိုး၊ ဆက်ရက်အစရှိတဲ့ ငှက်ပစ်သူ ပေါများခြင်းပါပဲ။ ခဲမှန်ထားတဲ့ ငှက်ကလေးများဟာ မကြာခဏဆိုသလို ဖြူတုတ်တို့ရဲ့ လသာဆောင်ပေါ်မှာ လာရောက်ဇီဝိန်ချုပ်ကြရရှာတယ်။ လသာဆောင်ဟာ ဖြူတုတ်တို့ညီအစ်မနှစ်ယောက် စာကျက်တဲ့နေရာနဲ့ တဆက်တည်းဆိုတော့ 'ဘုတ်' ဆိုတဲ့အသံကြားတိုင်း ဒိုင်ခံထကြည့်သူကတော့ ညီမလေးပေါ့။ ဖြူတုတ်ကတော့ ဘာကြောင့်မှန်းမသိ၊ ငှက်ကလေးများ အတုန်းအရုန်း ဖြစ်နေပုံကိုကြည့်ရတာ စိတ်မကောင်း ဖြစ်တဲ့အပြင် အူပါယားတဲ့အတွက် ထွက်မကြည့်ဖြစ်တာ များပါတယ်။  ထွက်ခဲ့ရင်တောင် မျက်နှာကို လက်ဖဝါးနဲ့အုပ်ပြီး လက်ကြားကလေးတွေမှပဲ ကြည့်ရဲပါတယ်။ ဖြူတုတ်မှာ Phobeiaတစ်ခုရှိတယ်။ ခွေးကလေး၊ ကြောင်ကလေးတွေ ကလွဲရင် တခြား အမွှေးအမှင်ပါတဲ့ အကောင်ခပ်သေးသေးများကို မထိရဲမကိုင်ရဲတဲ့ ပြသနာပါပဲ။ (ဖြူတုတ်ကို ရယ်နေကြပြီလား မသိဘူး)

ဖြူတုတ်တို့ ပြောင်းလာပြီး လအနည်းငယ်ခန့်အကြာ စနေနေ့တစ်နေ့ရဲ့ ပူအိုက်အိုက် ခြောက်ကပ်ကပ် နေ့လယ်ခင်းမှာပေါ့... ညီအစ်မနှစ်ယောက် ခေါင်းချင်းဆိုင် အိမ်စာလုပ်နေတုန်း လသာဆောင်ဖက်ဆီမှ တောင်ပံတဖျတ်ဖျတ်ခတ်သံကို ကြားမိကြတယ်။ နှစ်ယောက်သား 'ဟာ... ရှင်တဲ့ ငှက်ဟ' ဆိုတဲ့ရုပ်နဲ့ ပြေးအထွက်၊ လသာဆောင်ရဲ့ သမံသလင်းပြင်ပေါ်မှာ ထပျံပြေးထွက်ဖို့ အစွမ်းကုန် ကြိုးပမ်းနေတဲ့ ညိုခြောက်ခြောက်အရောင် ငှက်ကလေးတစ်ကောင်ကို တွေ့ကြတယ်။ စာကလေးထက်တော့ အရွယ်နဲနဲကြီးတယ်။ လက်ရဲဇက်ရဲရှိတဲ့ Future Doctor ညီမလေးကတော့ ငှက်ကလေးကို ဆတ်ခနဲ ကောက်ကိုင်လိုက်ပြီး ဒဏ်ရာကို သည်းကြီးမည်းကြီး ရှာတော့တာပါပဲ။ ဖြူတုတ်ကလည်း ဒဏ်ရာသိပ်များနေသလားဆိုတဲ့ မျက်ကလဲဆန်ပြာ ရုပ်နဲ့ပေါ့။ အဆိုးထဲက အကောင်းလို့ပဲပြောရမယ်... သွေးထွက်သံရို မရှိပါဘူး။ ဒါပေမဲ့ ညာဘက်ခြေထောက်လေး တစ်ချောင်းကတော့ သိမ်ပြီးတွဲလောင်းကလေး ဖြစ်နေတာကို သတိထားမိကြတယ်။ ဓာတ်ကြိုးပေါ်နားရင်းများ ဓာတ်လိုက်လေသလားမသိ? နို့မဟုတ် ခဲများမှန်လေသလား? ဒီလိုနဲ့ပဲ ဖေဖေ၊မေမေတို့ဆီ ခွင့်တောင်းပြီး ဖြူတုတ်တို့ရဲ့ ငှက်ကယ်ဆယ်ရေးကို စကြရတော့တာပေါ့။ ခက်တာက ဖြူတုတ်တို့က ခွေးကလေးတွေပဲ မွေးဖူးတာဆိုတော့ ငှက်ကိုဘယ်လို ကိုင်တွယ်ပြုစုရမယ်ဆိုတာ သိပ်မသိကြဘူး။ ငှက်လှောင်အိမ်လည်း မရှိဘူး။ ဆိုတော့ ငှက်သိုက်ဆောက်ပေးမယ်ပေါ့။ ဒါဆို ကောက်ရိုးလိုတယ်။ ဒါလဲ မရှိဘူး။ လွယ်လွယ်ပဲ ဂုံဏီအိတ်ကို ကပ်ကြေးနဲ့ကိုက်၊ ထန်းခေါက်ဖာကလေးထဲထည့်ပြီး အသိုက်ဆောက်ပေးလိုက်တယ်။ နေရေးတော့ပြီးပြီ။ သူ့အတွက်က ဝတ်ရေးမလို။ အရေးအကြီးဆုံးက စားရေးပဲ။ ဒါဆို ဘာကြွေးကြမှာလဲ။ ဖေဖေတို့ ကိုယ်တိုင်ကိုက ဘာငှက်မှန်း မပြောနိုင်တော့ အခက်ပဲ။ ရေကို မှင်စုပ်တံနဲ့ တစက်စီချပေးတာကိုတော့ သောက်တယ်။ ဆန်စေ့ကလေးတွေ ချပေးတော့ မတို့ဘူး။ သိပ်ကြောက်နေလို့လား မသိ။ သူ့ကိုကြည့်လိုက်တော့ အရမ်းကို ကတုန်ကရင်ဖြစ်နေတယ်။ ဖြူတုတ်က တစ်ညလောက်စောင့်ကြည့်ရအောင်လို့ အဆိုပြုလိုက်တယ်။ ညီမလေးနဲ့ သဘောတူညီချက်ရပြီးနောက် ခြေထောက်နာနေတဲ့ သူ့ကို ဘေးတစောင်းလေး လှဲပေးပြီး နွေးအောင် စောင်ကလေး(အရုပ်မအတွက် ထဘီချုပ်မလို့ သိမ်းထားတဲ့အဝတ်စ) ခြုံပေးလိုက်တယ်။ မေမေက စာဖတ်ခန်းမှာ ထားခဲ့လို့အမိန့်ချပေမဲ့ ဖြူတုတ်တို့နှစ်ယောက် ထန်းခေါက်ဖာကလေးကို အိပ်ခန်းထဲထိ တိတ်တိတ်ကလေး သယ်လာခဲ့ကြတယ်။ သူ့ကို စိတ်မချဘူးလေ။ နှစ်ယောက်သား တညလုံး သိပ်တောင်မအိပ်ဖြစ်ကြဘူး။ သူ့ကို လက်နှိပ်မီးနဲ့ ထိုးပြီး အသက်ရှင်မရှင် စစ်နေကြရတာနဲ့လေ။ သူလည်း ဖြူတုတ်တို့ကြောင့် မအိပ်ရပါဘူး။ မျက်လုံးပြူးလေးနဲ့...

ဒီလိုနဲ့ပဲ မိုးလင်းလာတယ်။ အိပ်ရာကလာနှိုးတဲ့ မေမေက ဒီထန်းခေါက်ဖာလဲမြင်ရော စကားနားမထောင်ရလားဆိုပြီး ဆူခံလိုက်ရတာ မပြောပါနဲ့တော့။ နောက်တခါ စကားနားမထောင်ရင် ဒီငှက်ကို ဒီအတိုင်း ပြန်လွှတ်လိုက်မယ်လို့ ခြိန်းခြောက်တယ်။ ညီအစ်မနှစ်ယောက် ဆင်ခြေဆင်လက် မျိုးစုံတက်ပြီးတော့ ငှက်ကလေးကို မနက်စာကြွေးဖို့ လုံးပမ်းကြတော့တာပါပဲ။ ဒီတခါတော့ ဘီစကွတ်မုန့်လေးတွေ ချေပြီးချကြွေးကြည့်တယ်။ မတို့ဘူး။ ထမင်းလုံးလေးတွေ ကျပြန်တော့လည်း အင်တင်တင်။ ဒါဆိုရင်တော့ သူ့အစားကိုစောင့်နေလို့ မဖြစ်ချေဘူး။ အာဟာရပြတ်ပြီး သေသွားလိမ့်မယ်။ သူ့ကို ဇွတ်အတင်း ခွံ့ကြွေးရအောင်လို့ပြောတော့ ညီမလေးကလက်ခံတယ်။ ဖြူတုတ်ကတော့ 'လေ'ပဲရတယ်လေ ... ငှက်ကိုမှ မထိရဲတာ။ ဘီစကွတ်မုန့်ကို နွားနို့နဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး ညီမလေးက သူ့နှုတ်သီးနားမှာ သုတ်ပေးတယ်။ ဟော... သူ့ပါးစပ်ကလေး ဟလာပြီး တမြုံ့မြုံ့လုပ်လာတယ်။ (ငှက်ကလည်း ဒါမျိုးကြိုက်တတ်သကိုး။) ညီမလေးကလည်း အားတွေတက်လာပြီး ဆက်ဆက်ပြီး ခွံ့ပေးတယ်။ မုန့်တစ်ချပ်အကုန်မှာ မေမေက ငှက်စားပိုးနင့်လိမ့်မယ် တော်တော့ဆိုမှ အကြွေးရပ်ပြီး နှစ်ယောက်သား ရယ်မိကြသေးတယ်။ အစာနဲ့ရေလေး ဝင်သွားတော့ သူ့ကိုကြည့်ရတာ ပိုလန်းလာသလိုပဲ။ Sunday တစ်နေ့လုံးကတော့ ငှက်ကိုပြုစု(ဆော့)နေတဲ့ အကြောင်းပြချက်နဲ့ နှစ်ယောက်လုံး Freeရိုက်ပြီး စာမဖတ်ကြတော့ဘူးလေ။ ညနေစာကိုလည်း မနက်ကအတိုင်းပဲ ကြွေးတယ်၊ သူမြိန်ရှက်စွာ အားပေးတယ်လေ။ ခက်တာက နောက်နေ့ဆိုကျောင်းတက်ရတော့မယ်။ သူ့ကို တစ်ကောင်တည်း ထားခဲ့ရမှာစိတ်မချဘူး။ အိမ်ကကောင်တွေ(ဖြူတုတ်အချစ်တော် ခွေးများ)က သိပ်စိတ်ချရတာ မဟုတ်ဘူး။ ဒါပေမဲ့လဲလေ ကျောင်းကိုသယ်သွားလို့မှရတာ မဟုတ်ဘဲ။ မေမေ့ကို နားငြီးရလောက်အောင် ဂရုစိုက်ပါလို့ အတန်တန်မှာ၊ သူ့အတွက် မုန့်ကိုဖျော်ပေးခဲ့ပြီး ညီအစ်မနှစ်ယောက် ကျောင်းကိုသွားကြတယ်။ တနေ့လုံး စာထဲတောင် သိပ်စိတ်မရောက်နိုင်ဘူး။ ငှက်ကို စိတ်ပူနေရင်းနဲ့။ ဆရာတွေရဲ့ မေးခွန်းကို အမြဲလိုလို ဦးအောင်ဖြေတတ်တဲ့ ဖြူတုတ်တစ်ယောက် နှေးနေလို့ 'နေမကောင်းဘူးလား' လို့တောင် အမေးခံရသေးတယ်။ (နဲနဲတော့ ရှက်မိသား) တခါတလေပဲလေလို့ စိတ်ကိုဖြေလိုက်ပါတယ်။ ညနေ ခေါင်းလောင်းထိုးမဲ့အချိန်ကိုသာ နာရီတကြည့်ကြည့်နဲ့ မျှော်နေမိတာပါပဲ။ ညနေကျူရှင်မရှိတဲ့နေ့မို့ ညီအစ်မနှစ်ယောက် ကျောင်းဆင်းဆင်းချင်း အိမ်ကိုစက်ဘီး ဒုန်းစိုင်းနင်းပြီး ပြန်ကြတော့တာပါပဲ။ ကျောင်းအင်္ကျီတောင် မလဲအားပဲ သူ့ဆီကို အပြေးကလေးသွားကြည့်မိပါတယ်။ သူကတော့ လန်းဆန်းပြီး သူ့အမွှေးလေးတွေကိုတောင် သန့်ရှင်းရေးလုပ်နိုင်နေပြီ။ သူ့ရဲ့တိုးတက်လာတဲ့ အခြေအနေကိုကြည့်ပြီး အရမ်းပျော်နေမိတယ်။ တချိန်တည်းမှာပဲ သူ့ခြေထောက်ကလေး ပြန်ကောင်းလာရင် ဖြူတုတ်တို့ကို ထားသွားတော့မှာပဲလို့ တွေးမိရင်း ဝမ်းနည်းသလို ခံစားမိတယ်။ ဟုတ်တယ်လေ... နေ့စဉ်နဲ့အမျှ ကြွေးမွေးသုတ်သင်ပေးနေတော့ သူ့ကိုလည်း ကိုယ်မွေးထားတဲ့ ခွေးကလေးတစ်ကောင်လိုပဲ စိတ်ထဲမှာ ခင်တွယ်မိနေပြီ။ ဖြူတုတ်တို့က လှောင်အိမ်ထဲမှာ ထည့်ပြီး အပိုင်မွေးထားလိုက်ချင်တာ။ (လူကြားမှာ အနေကြာလာတော့ လူနံ့တွေရပြီး သူ့အဖော်တွေက လက်မခံတော့ရင် ဘယ်လိုလုပ်မလဲ။) ဒါပေမဲ့ ချုပ်နှောင်ခြင်းကို အားမပေးတဲ့ မိဘတွေကြောင့် သူနေကောင်းသွားရင် ပြန်လွှတ်ပေးပါ့မယ် ဆိုတဲ့ကတိနဲ့ ထိန်းသိမ်းပြုစုခွင့်ကို ရခဲ့တာ။ ကိုယ်လဲ လွတ်လပ်မှုနဲ့ မိသားစုကိုတွယ်တာသလို သူလည်း အနှောင်အဖွဲ့က လွတ်ပြီး သူ့မိသားစုရှိရာကို ပြန်ချင်ရှာမှာပဲလေ... ဒီလိုနဲ့ သီတင်းတပတ်ကုန်ပြီး ကျောင်းပိတ်ရက်ကို ရောက်လာပြန်တယ်။ သူ့ခြေထောက်ကလေးက သွေးရောင်လေးနဲနဲ လွှမ်းလာတာကို တွေ့တယ်။ အရင်ကလို သိမ်ပြီးကုတ်မနေတော့ဘူး။ နဲနဲ ပြန့်ကားကားလေး ဖြစ်လာတယ်။ ဒါပေမဲ့ အဲဒီခြေထောက်ကလေးနဲ့တော့ ရပ်လို့မရသေးဘူး။ ဒါနဲ့လေ အဲဒီစနေနေ့မနက် မိုးမလင်းတလင်းမှာ 'ဟာ... မ--- ထထ၊ ဒီမှာလာကြည့်အုန်း' ဆိုတဲ့ ညီမလေးရဲ့ အာမေဋိတ်သံကိုကြားလို့ သွားကြည့်လိုက်တော့... အားပါးပါး... သူက ခြေထောက်ကလေးနှစ်ချောင်းကို မိုးပေါ်ထောင်ပြီး အိပ်နေတာပါလား! (စာဖတ်သူတို့ ဘာငှက်ဖြစ်မယ်ဆိုတာကို ခန့်မှန်းပြီးလောက်နေပါပြီ။) ဟုတ်ပါတယ်... ဖေဖေတို့ကို အမြန်သွားနှိုးပြီး ခေါ်ပြတော့ 'တစ်တီတူး'ဆိုတာကို အတည်ပြုချက် ရသွားတယ်။ တစ်တီတူးငှက်ကလေး ဆိုပါလား! ကြားသာကြားဖူးတာ၊ တသက်နဲ့တကိုယ် ဒီလို အနီးကပ်တွေ့ဖူးလိမ့်မယ်လို့ တခါမှမတွေးမိခဲ့ဘူး။ ဖော်ပြလို့မရတဲ့ ကြည်နူးမှုတစ်မျိုး ခံစားမိတယ်။ သူ့ရဲ့ Identityကို ဖော်လို့ရသွားတဲ့အတွက် ဘာမဆိုင်ညာမဆိုင် သူ့ရဲ့ကိုယ်စားဝမ်းသာပေးမိတယ်။ (မိဘမဲ့ဂေဟာမှ ကလေးတစ်ယောက်ဟာ သူရဲ့ဇစ်မြစ်ကို သိခွင့်ရသွားလို့ ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုပုံစံမျိုး... ငှက်ကလေးရဲ့ ဖြစ်နိုင်ချေရှိတဲ့ ခံစားမှုကို ခပ်ကြောင်ကြောင် တွေးကြည့်တာပါ။) အခုဆိုရင် သူလေးက အတော်လေးလို ယဉ်ပါးလာပြီ။ သူဆီသွားကြည့်ရင် ခြေသံကြားတာနဲ့ ခေါင်းကလေး ထောင်ကြည့်တတ်လာပြီ။ အစာယူလာရင်လည်း လှုပ်လှုပ်ရှားရှားနဲ့ လုပ်ပြတတ်နေပြီ။ ညီမလေးကတော့ အကျင့်ပါနေပြီးသားဖြစ်လို့ ခွံ့မြဲခွံ့ကြွေးတယ်။ ရေကိုတော့ သူ့ဖာသာသူ သောက်တတ်နေပြီ။ သူ့ခြေထောက်ကလေးဟာလည်း အကောင်းပကတိ ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ဆိုတော့ နောက်တဆင့်ကို တက်ဖို့လိုလာပြီပေါ့နော်။ သူပျံဖို့ အဆင်သင့်ဖြစ်မဖြစ် ကြည့်ဖို့လေ။ ဖြူတုတ်တို့ အိပ်ခန်းတံခါးကို လုံအောင်ပိတ်ပြီး သူ့ကို တောင်းအပြင်ဖက်ထုတ်၊ အတောင်ခတ်မလားလို့ စောင့်ကြည့်ကြတယ်။ သူအတောင်လေးတွေ စမ်းခတ်နေတာကို တွေ့တယ်လေ။ ခွဲခွါသားဖို့ အရိပ်အရောင်တွေပေါ့လေ။ ဖြူတုတ်တို့ နှစ်ယောက်လုံး ဝမ်းသာဝမ်းနည်း ခံစားမိတယ်ဆိုတာ ထုတ်မပြောမိပေမဲ့ သိနေကြတယ်။ စိတ်မချသေးလို့ တစ်ပတ်လောက်တော့ ဆက်ထား,ထားခွင့်ပေးပါလို့ နှစ်ယောက်သား ဈေးဆစ်ကြတော့ ဖေဖေက အသာတကြည်ပဲ သဘောတူခွင့်ပြုလိုက်တယ်။ သိပ်တော့ မပျော်မိတော့ပါဘူး။ သူသွားတော့မယ် ဆိုတာကိုသိနေတော့လေ။ လာမဲ့ ကျောင်းပိတ်ရက်မှာ လွှတ်ပေးပါ့မယ်လို့ ဖေဖေ့တို့ကို ကတိပေးလိုက်ရတယ်။ ကျောင်းပိတ်ရက်မရောက်ခင် Thursdayတရက်မှာပေါ့... ကျောင်းမှာသိပ်အဆင်မပြေဘူး။ ရန်ဖြစ်ခဲတဲ့ ဖြူတုတ်တစ်ယောက် ဘာမဟုတ်တဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ကို ခုခံပြောရင်း သူငယ်ချင်းတစ်ယောက်နဲ့ အကြီးအကျယ် စကားများကြတယ်။ တခါမှ မမှားဖူးတဲ့ Mathကိုလဲ မှားတွက်မိလို့ အဆူခံရတယ်။ စက်ဘီးလဲ လေလျော့ ခံရတယ်။ စိတ်ထဲမှာ တခုခုတော့ တခုခုပဲပေါ့။ အိမ်ကိုပဲ မြန်မြန်ပြန်ချင်နေမိတယ်။ အဲဒီနေ့က ညီမလေးက အပိုချိန်ရှိလို့ ဖြူတုတ်တစ်ယောက်ထဲ အိမ်အရင်ပြန်နှင့်တယ်။ ငှက်ကလေးကို ထားနေကျနေရာမှာ သွားကြည့်လိုက်တော့ မရှိတော့ဘူး။ မေ့မေ့ပုံစံကြည့်ရတာတော့ တကယ့်ကို အေးအေးဆေးဆေးပဲ။ ငှက်ကလေးရောဆိုတော့ နေ့လည်ကပဲ သူ့အမျိုးတူတွေတွေ့တာနဲ့ ထုတ်လွှတ်ပေးလိုက်တာ အတူတူပျံသွားကြပြီတဲ့။ ဖြူတုတ်တော့ ဝမ်းနည်းပေမယ့် သူပျော်ရင်ပီးတာပဲဆိုပြီး နေလိုက်တယ်။ drama က ညီမလေး ပြန်ရောက်လာမှ စတယ်။ သူ့ကိုအသိမပေးပဲ လွှတ်လိုက်ရလားဆိုပြီး ငိုကြီးချက်မနဲ့။ ဘာနဲ့မှလဲ ချော့လို့မရ။ ငှက်ကလေးကို လွမ်းပြီး သူတပတ်လောက်တောင် နေမကောင်းဖြစ်လိုက်တယ်။ သူ မပျော်ဘူး မပျော်ဘူးဆိုပြီး တမှိုင်မှိုင်လုပ်နေတုန်းက ကလေးဆိုတော့ သိပ်မခံစားတတ်ခဲ့ဘူး။ သူ့ကို ပိုတယ်လို့ ထင်ခဲ့တယ်။ အခုကြီးလာပြီး သံယောဇဉ်မီးကို နားလည်ခံစားတတ်တော့မှ သူပြောခဲ့တာတွေဟာ အပိုတွေ ဟုတ်မနေဘူးဆိုတာကို နားလည်လိုက်မိပါတယ်။ အဲဒါနဲ့ပဲ ဒါလေးကို အမှတ်တရ ရေးဖြစ်တာပါ။

မှတ်ချက်။ ကြီးလာတော့ လူကြီးတွေးနဲ့တွေးကြည့်တော့မှ ငှက်ကလေးပျံသွားတာမှ ဟုတ်ရဲ့လားဆိုတဲ့အတွေး မကြာခဏဝင်မိတယ်။ မေမေ့ကိုပြန်မေးတော့ သူ့အမျိုးတူတွေနဲ့ ပျံသွားတာပါလို့ အခိုင်အမာ ပြောတယ်။ တမျိုးတော့ တမျိုးပဲ။ သို့လော သို့လော တွေးမိတာက ဟိုပျံဒီပျံလုပ်လုပ်ရင်း အိမ်ပြင်ကိုရောက်ပြီး ဟိုကောင်တွေလက်ချက်များ မိသွားသလားလို့???
 
(အဖြစ်မှန်ကို ရေးပေမယ့် ဖြူတုတ် စာသိပ်မရေးတတ်လို့ အဖျားရှူးသွားရင် သည်းခံပေးပါ။)

ကျေးဇူးတင်ပါတယ်

ဖြူတုတ်လေး    


No comments: