Monday, October 19, 2009

ရှောင်မည်ရှားမည် ဂျူရီဂျူတီ (Jury Duty)


အမေရိကန်တိုင်းပြည်ရဲ့ တရားရေးစနစ်မှာ ပြစ်မှူကျူးလွန်ထားသည်ဟု စွပ်စွဲခံထားရသော တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့တစ်ခုကို တရားစီရင်ရာမှာ ဂျူရီ (Jury) စနစ်ဆိုတာရှိပါတယ်။ အဲဒီစံနစ်ဟာ တရားသူကြီးနဲ့ ဂျူရီလူကြီးများ (Jurors)ဆိုပြီး ဖွဲ့စည်းထားတာပါ။ ပြစ်မှူ (သို့မဟုတ်) တရားရုံး အမျိုးအစားပေါ်မှာမူတည်ပြီး ဂျူရီလူကြီးများရဲ့ အရေအတွက်ဟာ ၆ယောက်မှ ၁၂ယောက်အထိ ရှိနိုင်ပါတယ်။ ဒါကိုတော့ ဖြူတုတ် အသေးစိတ် မရေးနေတော့ပါဘူး။အသက်၁၈နှစ်ပြည့်ပြီးသော အမေရိကန်နိုင်ငံသားတိုင်း ဂျူရီလူကြီးအဖြစ် ထမ်းဆောင်နိုင်ပါတယ်။ သတ်မှတ်ချက်တချို့တော့ ရှိပါသေးတယ်။ အင်္ဂလိပ်စကားကောင်းကောင်း နားလည် ပြောဆိုနိုင်ခြင်း၊ စိတ်နဲ့ ကိုယ်လက်အင်္ဂါ ချို့ယွင်းချက်မရှိရခြင်း၊ မှူခင်းမှူရာ ကင်းရှင်းရခြင်း အစရှိသဖြင့်ပေါ့လေ။ ဒါပေမဲ့ ဂျူရီလူကြီးတစ်ယောက် ဖြစ်လာဖို့အတွက် အလုပ်လျှောက်ရတာမျိုး အင်တာဗျူးသွားရတာမျိုး မလိုအပ်ပါဘူး။ ပြစ်မှူတစ်ခုကို စစ်ဆေးဖို့ရှိလာရင် တရားသူကြီးရဲ့ လက်အောက်မှာရှိတဲ့ ရှေ့နေက အဲဒီသတ်မှတ်ချက်များနဲ့ ကိုက်ညီနိုင်သော သူများကို မဲပေးသူများစာရင်း (သို့မဟုတ်) ကားမောင်းလိုင်စင် ရှိသူများစာရင်းမှ randomly ဆင့်ခေါ်ခြင်းဖြစ်ပါတယ်။ အဲဒီလို ဆင့်ခေါ်ခံရသူများကို အရည်အချင်းစစ် မေးခွန်းများ ဖြေဆိုခိုင်းပြီး အောင်မြင်သူများကို ဂျူရီလူကြီး တာဝန်ထမ်းဆောင်နိုင်သူအဖြစ် လျာထားပါတယ်။ လျာထားသူတွေထဲကမှတခါ ဂျူရီလူကြီးအဖြစ် randomly ရွေးကောက်ခြင်းဖြစ်ပါတယ်။ ဆိုတော့ တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ၊ မထမ်းဆောင်ရသည်ဖြစ်စေ တရားရုံးမှာ အချိန်ကုန်လူပန်း ဖြစ်ကြရတာကို မနှစ်သက်သူများပါတယ်။   လူအများစုကတော့ ဆင့်ခေါ်စာရောက်ပြီ ဆိုကတည်းက ဒီတာဝန်ကနှုတ်ထွက်ခွင့်ရအောင် အကြောင်းပြချက်မျိုးစုံ ပေးကြတော့တာပါပဲ။ အချို့တရားရုံးတွေမှာတော့ ဂျူရီတာဝန်ကနေ လွှတ်ပေးနိုင်တဲ့ အကြောင်းပြချက်များကို ကြေငြာထားပါတယ်။ အသက်၇၀ကျော်နေရင်၊ ၂နှစ်အတွင်း ဂျူရီတာဝန် ထမ်းဆောင်ထားရင်၊ မီးသတ်သမားလုပ်အားပေး (သို့) ကယ်ဆယ်ရေးသမား (သို့) လူနာတင်ယာဉ် ကူညီရေးအဖွဲ့ အသင်းဝင်အဖြစ် volunteerလုပ်နေရင် စာတင်ပြီး excuseပေးအောင် လျှောက်ထားနိုင်ပါတယ်။ ဖြူတုတ်ဒီလို နိဒါန်းပျိုးနေရခြင်း အကြောင်းကတော့ တနေ့မှာ ဖြူတုတ်ရဲ့ သူငယ်ချင်းတစ်ယောက်လဲ ဆင့်ခေါ်ခံရပါရော။ အဲဒီမှာ သူကဘယ်လိုအကြောင်းပြချက် ပေးသင့်သလဲလို့ တိုင်ပင်လာပါတယ်။ (ဖြစ်ချင်တော့ သူက အထက်ပါအကြောင်းပြချက်တွေနဲ့ မကိုက်ညီနေဘူးလေ။) ဖြူတုတ်ကလဲ ကြံရဖန်ရတော့မယ်ဆိုရင် သိပ်အဖြစ်မရှိဘူး။ အဲဒီတော့ လက်စွဲတော် Googleထုံးကို နှလုံးမူလိုက်ရာမှာ အောက်ပါ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းပြချက်ကလေးတချို့ကို တွေ့ရှိမှတ်သားရပါတယ်။ အခုပြောမဲ့ (၈)ခုလောက်ကတော့ ဖြူတုတ်ကိုစိတ်ဝင်စားစေတယ်။  စာဖတ်သူများ စိတ်ဝင်စားမလားမသိဘူး။


၁။ ပထမဦးဆုံး တစ်ယောက်ရဲ့ ဂျူရီတာဝန်က လွတ်သွားပုံကတော့ ဒီလိုပါတဲ့။ သူဟာ ရုံးခန်းထဲကိုရောက်တယ်ဆိုရင်ပဲ ရုတ်တရက် မတ်တတ်ရပ်ပြီး အမှူရင်ဆိုင်နေတဲ့သူကို  စူးစိုက်စွာကြည့်လိုက်တယ် ဆိုပဲ။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှူအပြည့်ရှိစွာနဲ့ ပြောလိုက်တာကတော့ 'ခင်ဗျားဟာ အပြစ်ရှိတဲ့ရုပ် ပေါက်တယ်' လို့တဲ့။ သူ့ကို ဘာမှတောင်မမေးတော့ပဲ ချက်ချင်း ပြန်လွှတ်လိုက်ပါလေရော။


၂။ ဒီတစ်ယောက်ကတော့ သူနေတဲ့ အဆောက်အဦးမှာ သူနဲ့နာမည်တူ လူတစ်ဦးနေထိုင်ပါသတဲ့။ သူ့ရဲ့စာတွေဟာလည်း အဲဒီလူရဲ့ အခန်းကို အကြိမ်ပေါင်းများစွာ မှားပြီးရောက်သွားတတ်တယ်။ စာဖတ်သူ ထင်ထားတဲ့အတိုင်းပါပဲ သူ့အကြောင်းပြချက်ကတော့ ဂျူရီတာဝန်ဆင့်ခေါ်စာဟာလဲ သူ့ဆီမရောက်ဘဲ အဲဒီလူဆီကို ရောက်သွားပြန်ပြီပေါ့။ သူ့ရဲ့အဆိုကို တယ်လီဖုန်း စာအုပ်နဲ့ ထပ်ပြီးအတည်ပြုလိုက်နိုင်တော့ ဂျူရီတာဝန်က လွတ်သွားပါတယ်။ (ဉာဏ် တော်တော် ပြေးတာပဲနော်။)


၃။ သူကတော့ ရုပ်ရှင်မင်းသားလုပ်စားရင် တကယ်အောင်မြင်မှာ။ ကြည့်အုန်းလေ... ရုံးတော်ရောက်မှ လူတွေရှေ့မှာ မူးလဲဟန်ဆောင်ပြီး ပြန်သတိရချိန်မှာ ဘာမှသတိမရတော့ဘူးလို့ ပြောလိုက်သတဲ့။ လွတ်စေပေါ့။


၎။ သူကတော့ Illinois (USAမှာ၂၁ခုမြောက် ဖြစ်လာတဲ့ ပြည်နယ်တစ်ခုပါ။ သမ္မတ အိုဘားမားနဲ့ တွဲပြီး ပိုသိကြပါတယ်) မှာနေပါတယ်။ ၂နှစ်တခါ ဆိုသလို ဂျူရီတာဝန်အတွက် ဆင့်ခေါ်ခံရတာ ၁၅နှစ်တိုင်ခဲ့ပါပြီ။ ဒါပေမဲ့ သူဘယ်တော့မှ အရွေးမခံရပါဘူး။ သူ့ရဲ့လက်နက်က ရုံးတော်ကိုရောက်လို့ မေးခွန်းအမေးခံရတိုင်း 'အကုန်လုံးကိုသတ်လို့' အထပ်ထပ်အခါခါ ဖြေကြားခြင်းပါတဲ့။

၅။ ဒီတစ်ယောက်ရဲ့ အကြံပြုချက်ကတော့ ဂျူရီလူကြီး မဖြစ်ချင်ရင် ရုံးတော်သို့ ဘာအကြောင်းပြချက်မှ ပေးစရာမလိုဘူးလို့ ဆိုပါတယ်။ GUILTY (သို့) I HATE COPS (သို့) ထောင်သံတန်းပုံပါတဲ့ Tရှပ်သာ ဝတ်သွားပါတဲ့။ ရွေးပါပြောရင်တောင် လှည့်မကြည့်ဘူးတဲ့။


၆။ အခုတယောက်ကတော့ ဘာပြောသလဲဆိုရင်... သူဟာ သိပ်ကိုကျွမ်းကျင်တဲ့ အကြားအမြင် ဆရာတစ်ယောက် ဖြစ်တဲ့အတွက် မည်သူ ပြစ်မှူကျူးလွန်တယ် ဆိုတာကို ဒက်ထိဟောနိုင်ပါသတဲ့။ စာဖတ်သူရေ သူ့အကြောင်းပြချက်က ခိုင်လုံသလား။ သူ့လို အကြားအမြင်တောင် မလိုပါဘူး။ ပြေးကြည့်ရင်တောင်မှ ခလုတ်တိုက်နေအုန်းမယ်။ သူ့ကို ပြန်မလွှတ်ဘူး ဆိုတာရှင်းပါတယ်။

၇။ အခုပြောမဲ့ အမျိုးသမီးကတော့ သူမရဲ့ အလုပ်ပိုင်ရှင်ဆိုသူအား ရုံးတော်သို့ခေါ်လာပါသတဲ့။ ထိုသူဟာ ဆောက်လုပ်ရေး ကန်ထရိုက်တာဖြစ်ပြီး သူမ,မရှိရင် သူ့ရဲ့လုပ်ငန်းဟာ မလည်ပတ်နိုင်ပါဘူး လို့ပြောပါလေရော။ ပြီးတော့လည်း ထပ်ပြောသေးတယ်။ သူမသာ ဂျူရီတာဝန်ထမ်းဆောင်ဖို့ သတင်းပို့ရမယ်ဆိုရင် သူမကိုအလုပ်က ထုတ်ပစ်ရပါလိမ့်မယ်တဲ့။ သူ့စကားအဆုံးမှာ တရားသူကြီးဟာ သူမကို နောက်အပတ် ဂျူရီတာဝန်အတွက် သတင်းပို့ရမယ်လို့ အမိန့်ချလိုက်ပါသတဲ့။ ဒီမှာတင် မပြီးသေးပါဘူး။ ကန်ထရိုက်တာကိုလည်း သူမဂျူရီတာဝန် ထမ်းဆောင်ပြီးသွားရင် သူ့အလှည့်ဆိုပြီး အမိန့်ချပါသတဲ့။ အပိုဆုကတော့ ကန်ထရိုက်တာဟာ သူမကို အလုပ်ထုတ်မယ်ဆိုရင် ဒုစရိုက်မှူနဲ့ တရားစွဲဆိုခံရစေ ဆိုပြီး ရုံးတော်ကိုရပ်နားလိုက်ပါသတဲ့တော့။ ဒီနှစ်ယောက်ရဲ့ ရွှေဉာဏ်တော်စူးရောက်စွာ ပူးပေါင်းကြံစည်မှူဟာ တရားသူကြီးရဲ့ ဒေါသကို ဟုန်းခနဲထသွားစေတာကတော့ မြင်တဲ့အတိုင်းပါပဲ။ ဖြူတုတ်အမြင်ကတော့ သူတို့ ဒီလောက်လုပ်ရတာ နဲတောင်နဲသေးတယ်။  

၈။ နောက်ဆုံးတစ်ယောက်ကတော့ Irishလူမျိုးပဲ ဖြစ်ရမယ်။ ပြောစရာ ရှားလို့။ Saint Patrick Dayပါတီ တက်စရာ ရှိတဲ့အတွက် ဂျူရီတာဝန် မထမ်းဆောင်နိုင်ပါဘူးတဲ့လေ။ အဖြေကတော့ ဖြူတုတ်ပြောဖို့လိုမယ် မထင်ပါဘူးနော်။

အဲဒါလေးတွေဖတ်ပြီး သူငယ်ချင်းကို ပြန်ပြောပြတဲ့အခါ ဖြူတုတ်အတွက်တော့ ရယ်စရာဖြစ်ပြီး သူ့အတွက်ကတော့ ဆောင်ရန်နဲ့ ရှောင်ရန်များပေါ့။ နောက်နှစ်ရက်အကြာမှာတော့ ဖြူတုတ်လည်း အကြိုးအကြောင်းသိချင်တာနဲ့ သူ့ဆီကဖုန်းကို မျှော်နေမိပါတယ်။ မှန်မှန်ဝန်ခံရရင် ရယ်စရာလေးများ တစ်ခုထပ်တိုးမလားဆိုတဲ့ တိတ်တခိုးအတွေးက ပိုကဲမလားဘဲ။ (ဖြူတုတ် သိပ်တော့ မလွန်ပါဘူးနော်) ဖုန်းမြည်မြည်ချင်းမှာပဲ ဖြေလိုက်တော့ သူ့ဆီက ဝမ်းသာအားရသံကြီးနဲ့ 'ငါမသွားရတော့ဘူးကွ၊ ငါလွတ်သွားပြီကွ' တဲ့။ အဲဒီမှာပဲ သိချင်စိတ်တွေကပိုပြင်းထန် သွားတာပေါ့။ ဘာအကြောင်းပြချက် ပေးလိုက်တာလဲလို့ မေးလိုက်တဲ့ ဖြူတုတ်ရဲ့အသံက ထီပေါက်သူတစ်ယောက်ထက်တောင် ပိုexcitedဖြစ်တယ် ထင်ရတယ်။ သူကလဲ စိတ်ဝင်စားနေပါပြီဆိုမှ ဈေးပိုကိုင်ဆိုသလိုပဲ။ မှန်းစမ်းတွေ ဘာတွေလုပ်နေသေးတယ်။ နောက်ဆုံး ဖြူတုတ် စိတ်မရှည်သံ ပေါက်လာတော့မှ သူပြောလိုက်တာကတော့ 'ငါက PR (Permant Resident) လေ' တဲ့။ (သူ့ရဲ့ Statusကို Citizenလို့ပဲ ထင်ထားတာ) ပြီးတော့ လာသေးတယ်။ 'နင့်ကို စချင်လို့' တဲ့။ 'ပြက္ခဒိန်ကို သွားကြည့်' တဲ့။ ဖြူတုတ်အတွက် တော်တော်တော့ ပဟေဠိဖြစ်သွားတယ်။ ဒါပေမဲ့ ခိုင်းတဲ့အတိုင်းတော့ သွားကြည့်လိုက်သေးတယ်။ အာဟား... ထုံလိုက်တဲ့ ဖြူတုတ်။ သူ အကူအညီ တောင်းတဲ့နေ့က ဧပြီလ(၁)ရက်နေ့ ဖြစ်နေပါရောလား။။

(မှတ်ချက်။ ။ ဒီမှာက PRဆိုရင် ဂျူရီတာဝန် ထမ်းဆောင်စရာ မလိုပါဘူး။ အမှတ်မရှိဘဲ ယုံလွယ်တတ်တဲ့ ဖြူတုတ်တစ်ယောက်ဟာလည်း ဧပြီလ (၁)ရက်နေ့ရောက်တိုင်း စတဲ့သူသာပြောင်းသွားမယ်၊ စခံရသူအဖြစ် သစ္စာရှိစွာ ရပ်တည်နေဆဲပါ။) 
 
ကိုးကား _ 
http://www.wisegeek.com/what-is-jury-duty.htm
http://www.uscourts.gov/jury/qualifications.html

ကျေးဇူးတင်ပါတယ်
ဖြူတုတ်လေး

9 comments:

ရွှေရတုမှတ်တမ်း said...

April ၁ ရက်နေ့မှ ဖြူတုတ်ကို April fool လာလုပ်ဦးမယ်

ဖြူတုတ်လေး said...

21 Oct 09, 06:08 PM
penai22: ဘဘ လည်း ကိုယ့်ကိုjury ခေါ်ရင် ဖြူတုတ်ပေးတဲ့နည်းတခုတော့ စမ်းကြည့်ရမှာပဲ

ခရေညို said...

ဟားဟား ဖြူတုတ်က တော်တော် အယုံလွယ်တယ်ထင်တယ်နော်

Rita said...

ကိုယ်သာဆိုရင်တော့ လုပ်ကြည့်မိမယ် ထင်တယ်။
"ကြေမွသွားသော တိမ်တိုက်များ" လို ၀တ္ထုတစ်ပုဒ် မရလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။

Nge Naing said...

သြစကြေးလျားမှာလည်း ဒီလိုစနစ် ရှိပါတယ်။ အော်စီမှာက Criminal Record မရှိသူ Health and Education နယ်ပယ်ထဲမှာ အလုပ်လုပ်နေသူတွေကို ခေါ်တာများတယ်။ မိသားစုနာမည်နဲ့ မွေးသက္ကရစ်ကို နှိပ်လိုက်တာနဲ့ လူတယောက်ရဲ့ နောက်ခံသမိုင်းအကျဉ်းက Record ထဲမှာ ရှိပြီးသားမို့ ဒီလို စစ်ဆေး အင်တာဗျူးမလုပ်တော့ဘူး။ ဆင့်ခေါ်ခံရတဲ့သူဟာ တခါတည်း ဘယ်နေ့ဘယ်ရက် တရားစီရင်တဲ့နေ့မှာ လာပြီး ကြားနာရမယ်ဆိုတာ တခါတည်းလာတယ်။ မလာနိုင်ရင် ခိုင်လုံတဲ့အကြောင်းပြချက် ဘယ်နေ့နောက်ဆုံးထားပြီး ပေးရမယ်ဆိုတာ ပါတယ်။ ဒီလို တခါအခေါ်ခံရဖူးတယ်။ အဲဒီအချိန်က စာမေးပွဲ အချိန်နဲ့ ကိုက်နေတော့ စာမေးပွဲ အချိန်ဇယား ကော်ပီကူးပြီး တင်လိုက်ရုံပါပဲ။ အားနေတယ်ဆိုရင်တော့ Rita ပြောသလိုပဲ သွားလေ့လာဖြစ်မှာ သေချာတယ်။ ရှောင်မှာမဟုတ်ဘူး။ စိတ်ဝင်စားဖို့ သိပ်ကောင်းပါတယ်။ ဒီပို့စ်လေးအတွက် ကျေးဇူးပဲနော့်။

Ko Boyz said...

တရားရုံးချိန် တစ်ချိန်ထဲ ခေါ်တာပဲ မဟုတ်လား။
ဒါမှမဟုတ် အကြိမ်ကြိမ် အလီလီ အဲဒီအမှု မပြီးမချင်း ခေါ်တာပဲလား။
ဖြစ်သင့်တာကတော့ နိုင်ငံသားတိုင်း သွားလုပ်သင့်တယ် ထင်တာပဲ။ တရားသူကြီး လုပ်တာ ကိုင်တာ မဟန်ရင် တရားမျှတမှု မရှိရင် ဂျူရီကနေတစ်ဆင့် ကာကွယ်နိုင်တယ်လေ။
အပြစ်ရှိသူတစ်ယောက် လွတ်သွားတာထက် အပြစ်မဲ့သူတစ်ယောက်ကို မှားပြီး ပြစ်ဒဏ်ပေးမိတာက ပိုဆိုးတယ်လို့ ဆိုသကိုး....။

ဖြူတုတ်ရော ဆင့်ခေါ်စာ ရောက်နေပြီလား...။

ကြည်ဖြူပိုင် said...

April fool လာလုပ်ဦးမယ်ကွ.

ဟဟ..လာလည်တာကျေးဇူးနော်..အကြွေးရှိသေးတော့မျက်နှာပူပ

ဖြူတုတ်လေး said...

ဘဘ၊ ကြည်ဖြူ... ဒီနှစ်တော့ ဖြူတုတ်မခံရအောင် နေမယ်လို့ စိတ်ကူးထားတာပဲ။ :)

မငယ်နိုင်၊ရီတာ... ဖြူတုတ်သာဆိုရင်လဲ သွားမှာပါပဲ။ ဩစီ အကြောင်းတစေ့တစောင်းအတွက် ကျေးဇူးတင်ပါတယ်။

ကိုဘ... ဖြူတုတ် ဆင့်ခေါ်မခံရသေးပါဘူး။ ဖြူတုတ် qualified မဖြစ်သေးလို့ပါ။ ဖြူတုတ်အလှည့် ရောက်လို့ကတော့ သွားဖြစ်အောင်သွားမှာပါ။ အပြစ်မဲ့သူတစ်ယောက်ကို ကယ်တင်ချင်သလို အပြစ်ရှိသူကိုလည်း ထိုက်သင့်တဲ့ အပြစ်ဒဏ်ရစေချင်ပါတယ်။ လူတစ်ယောက်ဟာ မေးခွန်းအားလုံးကို Pass ဖြစ်ပြီး ဂျူရီအဖြစ် တာဝန်ပေးအပ်ခြင်း ခံရမှသာ အမှူမပြီးမချင်း သွားရတာပါ။

ahphyulay said...

အင်းယယဗဟုသုတ တစ်ခုပါပဲဗျာ။ ဗမာပြည်မှာဆိုရင်တော့ 
လုပ်ချင်တဲ့ သူသိတ်များမှာပဲလို့ ရိုးသားစွာတွေးမိပါတယ်လို့ 
ကျွန်တော်တို့ ဆီမှာ ဒီလိုအဆင့် ဆို တော်တော် အဆင်ပြေ
နေပြီလေ။သိတဲ့ အတိုင်းပဲ။