Sunday, October 4, 2009

ဖြူတုတ်လေးနဲ့ဘူးရို



ဒီခေါင်းစဉ်ကိုဖတ်ပြီး စာဖတ်သူတို့တော့ ဖြူတုတ်လေး 'ဘူးယို'ကိုဘယ်လို လုပ်ပါလိမ့်ဆိုပြီး စိတ်ဝင်စားသွားကြမလား မသိဘူး။ စိတ်ဝင်စားသူများရှိရင် ဖြူတုတ်လေးက မနှမြောတတ်ပါဘူး။ နည်းလမ်းကို မျှဝေပေးလိုစိတ် အပြည့်ရှိပါတယ်။ ဆရာစားချန်လိုစိတ် နည်:ပါးပုံများဆိုရင် ပြောရအုန်းမယ်... ကိုးတန်းတုန်းက သချာင်္ နဲ့ဓာတုလာလာမေးတဲ့ သူငယ်ချင်းကို စာရှင်းကောင်းတာ ပထအစမ်းအမှတ်စာရင်းလဲထွက်ရော သူကကိုယ့်ထက် အမှတ်သာသွားလို့။ ဖြူတုတ်ကတော့ ကိုယ်ရှင်းပြလိုက်လို့ဆိုပြီးတော့ သိပ်ဂုဏ်ယူတာပေါ့။ သူငယ်ချင်းက လာကျေးဇူးတင်တော့လည်း တပြုံးပြုံးနဲ့။ အိမ်ရောက်တော့မှ မိုးမွှန်အောင် အဆူခံရတာ။ ထုံလို့တဲ့။ (ဟုတ်တယ်... စာပြိုင်တဲ့နေရာမှာ ကလေးတွေကတော်တော်ရယ၊် မိဘတွေ စိတ်အားထက်သန်ပုံများ စာမေးပွဲဝင်မဖြေယုံတမယ်ပဲ။) ဖြူတုတ်ကတော့ အမှတ်သည်းခြေမရှိပါဘူး။ စာလာမေးသူရှိတိုင်း ဖြေမြဲပဲ။ ကောင်းတာလုပ်တာပဲဟာနော့။ အခုတော့ ကျောင်းသားဘဝက လွန်မြောက်ပြီး အလုပ်ခွင်ဝင်လာပြီဆိုတော့ အဲဒီအကျင့်ကို ကြိုးစားပြီးပြုပြင်နေရတယ်။ အပြိုင်အဆိုင်လေးတွေ ရှိတာကိုး။ ကိုယ့်ရဲ့ Approachကို ကိုယ့်ရဲ့Collegueနဲ့ Shareလုပ်လို့မှ မဖြစ်တော့ပဲလေ။ ပြောရင်းပြောရင်းနဲ့ ပြောချင်တဲ့ အကြောင်းအရာကနေ သွေထွက်သွားပြန်ပြီ။ ပြန်ဆက်ရရင်... အရာရာကို အသေးစိတ် 'က'ကြီးကနေ 'အ'အထိ တင်ပြချင်တတ်တဲ့ ဖြူတုတ်ရဲ့ အကျင့်အတိုင်း စာဖတ်သူ သိချင်နေတဲ့ 'ဘူးယို' ဘယ်လိုစဖြစ်လာတယ် ဆိုတာကနေ စလိုက်ကြရအောင်လား။

ဒီနေ့ သောကြာနေ့မနက်ဖြစ်ပေမဲ့ ဖြူတုတ် အိပ်ရာက တော်တော်နောက်ကျမှ ထဖြစ်တယ်။ ဘယ်လောက်နောက်ကျလည်းဆို မနက်၁၀နာရီလောက်မှ ထဖြစ်တာ။ (ညက Blog တွေ အလည်လွန်သွားလို့) 'ဟားဟား ဖြူတုတ်လေးတော့ အလုပ်နောက်ကျပြီ၊ ကွိုင်တက်ခံရတော့မယ်ဆိုပြီး စိုးရိမ် (သို့မဟုတ်) ဝမ်းသာသွားကြသလား' ဘယ်ရမလဲ။ ဒီနေ့က ဖြူတုတ်ရဲ့ Day Off လေ။ နို့မဟုတ်ရင်ဖြူတုတ် အဲလောက်ထိ ဘယ်အိပ်ရဲမလဲ။ အလုပ်သွားရမဲ့ နေ့တွေများဆိုရင် ဖြူတုတ်ရဲ့အိပ်ခန်းဟာ နှိုးစက်နာရီအရောင်းဆိုင်နဲ့ နင်လားငါလား ဆိုရမလောက်ပဲ။ ခုတင်ခေါင်းရင်းမှာကတစ်လုံး၊ အိပ်ရာပေါ်မှာ နားနဲ့နီးနီးကပ်ကပ်ကတစ်လုံး၊ ခုတင်ခြေရင်းမှာက တစ်လုံး၊ ဒါတင်မက cell မှာကလဲ ငါးမိနစ်တစ်ခါ Alarmက သုံးခုတောင် Set ထားလိုက်သေးတာ။ ဖြူတုတ်တို့အအိပ်မက်ပုံက ကာလနဂါးကတောင် ဘွားတော်ခေါ်ရလောက်မဲ့အထိ။ ဒီလိုနဲ့ ကိုယ်လက်သန့်စင်ပြီး မီးဖိုခန်းထဲမှာ နံနက်စာစားဖို့စောင့်နေတဲ့ ဒေါ်လေးဆီကို ခပ်သွက်သွက်ပဲ လျှောက်လာခဲ့ပါတယ်။ 'Good Morning' ဒေါ်လေး! ဝင်ထိုင်ပြီးသကာလ ကောက်ညှင်းပေါင်းနဲ့ပဲပြုပ်ကို အပီလွေးတော့တာပါပဲ။ ဟုတ်တယ်... မစားရတာကြာလှပြီ။ စားတော်ပဲကို ဒီမှာရှာမရလို့။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကမှ ကုလားဆိုင်တစ်ဆိုင်မှာ ရှာလို့တွေ့လို့ ညကအစမ်းပြုတ်ကြည့်တာ။ စံချိန်မှီမဟုတ်ပေမဲ့ စားလို့ရတဲ့အဆင့်တော့ ထွက်လာပါတယ်။ စားရင်းနဲ့ ထုံးစံအတိုင်း ဒေါ်လေးဖတ်ထားသမျှနဲ့ ဖြူတုတ်ဖတ်ထားသမျှ ရောက်တတ်ရာရာ အတွေးအမြင်ခြင်း ဖလှယ်ကြတာပေါ့လေ။ ပြောရင်းဆိုရင်းနဲ့ပဲ ဒေါ်လေးက ဖြူတုတ်ရဲ့ ဒုတိယမြောက်ကြိုးပမ်းမှူ 'ထွန်းထွန်းသို့ပေးစာ'အကြောင်း စကားစလာပါတယ်။ စာကတော့ တော်တော်လေး မချောသေးဘူးပေါ့၊ ဒါပေမဲ့ ဖတ်လို့တော့ရတယ်၊ ဆက်ကြိုးစားပေါ့။ ဖြူတုတ်ကြိုတင်မျှော်လင့်ထားပြီးသား အကျိုးပြုဝေဖန်ရေးမို့ ခေါင်းတစ်ချက်ဆတ်ပြီး စားမြဲအတိုင်း ဆက်စားနေလိုက်တယ်။ ဝေဖန်ရေးကဒီမှာတင် ဆုံးပုံမရဘူး။ ဒေါ်လေးဆီကနေ နောက်တစ်ခုဆက်ပြောဖို့ အရှိန်ယူတဲ့အနေနဲ့ အသက်ရှူသံခပ်ပြင်းပြင်းကို ကြားလိုက်ရတယ်။ ပြောသင့် မပြောသင့် စဉ်းစားနေဟန်ထင်ပါ့။ အလိုက်သိစွာနဲ့ပဲ ဖြူတုတ်က 'ဒေါ်လေး ဆက်ပြောစရာရှိရင် ပြောလေ'ဆိုပြီး စလိုက်တော့... ဒေါ်လေးကပြုံးစစနဲ့ ဖြူတုတ်ကို စပြီးဗျူးပါတော့တယ်။


ဒေါ်လေး။ ။ ညည်းဘိုရူးဖြစ်နေရခြင်း အကြောင်းကို မေးချင်တာပါအေ။


ဖြူတုတ်။ ။ ဟွန်... ဒေါ်လေးစကားကလဲ အဆန်းပါလား။


ဒေါ်လေး။ ။ ဟုတ်တယ်လေ...ညည်းက ထွန်းထွန်းဆီကို ဘာအဆန်းထွင်ပြီး အင်္ဂလိပ်လိုရေးရတာတုန်း။ ကိုယ့်မြန်မာအချင်းချင်း မြန်မာလိုရေးရင် ရရဲ့သားနဲ့။


ဖြူတုတ်။ ။အာ...ဒေါ်လေးကလည်း... မရေးချင်ဘဲရှိပါ့မလား။ ဖြူတုတ်က မြန်မာလို လက်ကွက်ကို သေချာကျင့်မလာခဲ့တော့ လုံးဝကိုမရိုက်တတ်ဘူး။ တချောင်းငင်တို့ အသတ်တို့ လုံးကြီးတင်တို့ကို ရှာရရင် ဒီတသက် ဒီစာက ထွန်းထွန်းဆီ ရောက်တော့မှာ မဟုတ်ဘူး။ အဲဒါနဲ့ပဲ စိတ်မြန်လက်မြန် အင်္ဂလိပ်လိုရေးလိုက်တာ။ သူ့ဆီမြန်မြန်ရောက်တော့ သူမြန်မြန်ဖတ်ရတာပေါ့။ ဟဲဟဲ
(ကိုယ့်စာကိုပဲ ထွန်းထွန်းက မျှော်နေသယောင်ယောင်)


ဒေါ်လေး။ ။ ညည်းအခု စာတွေရေးနေတော့လဲ မြန်မာလိုရေးပြီး ဟုတ်နေတာပါပဲလား။


ဖြူတုတ်။ ။အခုတော့ Burglish Test Engine (BTE) ကိုသုံးပြီးရေးနေတာ ဒေါ်လေးရ။ မြန်မာလိုအသံထွက်ကို အင်္ဂလိပ်စာလုံးနဲ့ရိုက်ရင် မြန်မာစာလုံးပေါင်းအဖြစ် ပြောင်းပေးတယ်လေ။
(Blogလေး စထောင်ပြီး စာရေးမယ်လို့လည်း စိတ်ကူးရော ဖြူတုတ်က မြန်မာလိုလေးရေးပြီး အရမ်းကိုတင်ချင်တာ။ ဖြူတုတ်အဖြစ်မရှိပုံနဲ့ ဘယ်လိုလုပ်ရပါ့။ လက်ကွက်ကြီးကို မကျင့်ရဘဲ ဖြတ်လမ်းက လိုက်လို့ရမဲ့နည်းကို ရှာရတာပေါ့။ ထုံးစံအတိုင်း Google ရတာပေါ့လေ။ Burglish လို့လဲ Search Boxမှာ ထည့်ရိုက်လိုက်ရော BTEကို တန်းတန်းမတ်မတ် တွေ့တော့တာပါပဲ။ ဘာပြောကောင်းမလဲ၊ ဖြူတုတ်တစ်ယောက်တော့ မျောက်အုန်းသီးရ ဆိုသလိုပဲ။ တကယ်ပျော်တာပါ။ ဒီsiteကိုရေးဖို့ideaရတဲ့သူကို အရမ်းကျေးဇူးတင်ပါတယ်။)


ဒေါ်လေး။ ။အဲဒါဆိုလဲ မန့်တဲ့နေရာမှာရော ဘာလို့ မြန်မာလိုတခါ အင်္ဂလိပ်တမျိုး ဖြစ်နေရတာတုန်း။ ညည်းကိုတော့ ဘိုရူးလို့ ပိုပြီးသတ်မှတ်လို့ရသွားတာပေါ့။
(ကြုံတုန်း ပြောရအုန်းမယ်။ ဖြူတုတ် Blog လောကကိုစဝင်ကတည်းက ဒေါ်လေးဟာ ဖြူတုတ်ရဲ့ စိတ်ဝင်စားမှူအသစ်အတွက် ဝမ်းသာပီတိ ဂွမ်းဆီထိဆိုသလိုဖြစ်ပြီး ဖြူတုတ်ရေးသမျှ မန့်သမျှကို တပြုံးပြုံးနဲ့ လိုက်အားပေးနေသူရယ်ပါ။ ဖြူတုတ် ဘယ်သူ့Siteမှာ ဘာကိုဘယ်လို မန့်တယ်ဆိုတာ သူအကုန်သိပေါ့။ ဖြူတုတ်ကို နဲနဲလောက် ပေါခွင့်ပြုမယ်ဆိုရင်... ဒေါ်လေးဟာ ဖြူတုတ်ရဲ့ တစ်ဦးတည်းသော လိုင်စင်ရ Parparazi ဆိုပါတော့။)


ဖြူတုတ်။ ။အမယ်လေး ဒေါ်လေးရယ် သူခိုးကို တုတ်နဲ့ရိုက်စစ်တာ ကျနေတာပဲ။ ပြီးတော့လဲ သူများကို ဘိုရူးလို့ထပ်ခေါ်ပြန်ပြီ။ ဘာရယ်လို့မဟုတ်ပါဘူး။ ဖြူတုတ်စိတ်က လောမနေဘူးဆိုရင်ရင် BTEလေးသုံးပြီး မန့်လိုက်တယ်။ တခါတလေကျတော့လည်း အရမ်း excited ဖြစ်ပြီးမြန်မြန်မန့်ချင်ရင် BTEကြီးLoadတာကို မစောင့်နိုင်တော့ပဲ အင်္ဂလိပ်လိုပဲမန့်လိုက်မိတာ။ အဆန်းထွင်တာ မဟုတ်ရပါဘူး ဒေါ်လေးရယ်။
(လူဆိုတာ မျောက်က ဆင်းသက်လာတယ်ဆိုတဲ့ Darwin ရဲ့အဆိုအရ ဖြူတုတ်ရဲ့စိတ်ဟာ မျောက်စိတ်လိုပဲဆိုတာ အထင်းသားပါကလားနော်... အရပ်ကတို့ရေ)


ဒီစကားလေးအဆုံးမှာတော့ ဒေါ်လေးဟာ ဖြူတုတ်ရဲ့ ဘိုရူးမဟုတ်ရပါကြောင်း လျှောက်လဲချက်ကို လက်ခံသွားတယ်ထင်ပါ့။ သူ့ကော်ဖီလက်ကျန်နဲ့ ဗိုက်တာမင်ဆေးတောင့်လေးတွေကို ဆက်မျှောချနေလေရဲ့။ ကဲ... စာဖတ်သူ မျှော်လင့်နေတဲ့ ဘူးယိုဖြစ်စဉ်ဟာ ဖြူတုတ်ပြောပြခဲ့တဲ့ ဖြစ်စဉ်နဲ့ ကိုက်ညီရဲ့လား။ မကိုက်ညီဘူးဆိုရင် ဖြူတုတ်သိပ်မဆိုးဘူးပေါ့။ ကိုက်ညီတယ်လို့ဆိုရင် ဖြူတုတ်လှည့်စားတတ်အောင် ထပ်ပြီးကြိုးစားရအုံးမှာပေါ့။ ဖြူတုတ်ရဲ့ Postအသစ်အတွက် အတွေးအခေါ် ခန်းခြောက်နေချိန်မှာ ဒေါ်လေးရဲ့ မေးခွန်းလေးများဟာ ဖြူတုတ်အတွက်တော့ 'ရေငတ်နေတုန်း ရေတွင်းထဲကျ' ဆိုသလိုပါပဲ။ ဖြူတုတ်ရဲ့ စွဲမက်ဖွယ်အားနည်းတဲ့ စာကလေးအတွက် ခေါင်းစဉ်ကလေးကို ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ 'ဘူးရို'လို့လှည့်စားလိုက်မိခြင်းကို စာဖတ်သူ နားလည်လိမ့်မယ်လို့ မျှော်လင့်ရင်း....။

မှတ်ချက်။ ။ ဖြူတုတ် ကြိုတင်ပြီးမေတ္တာရပ်ခံပါရစေ။ ဒီစာကို မည်သူ့ကိုမှ ထိခိုက်စေသည့် ရည်ရွယ်ချက်နှင့် ရေးတာမဟုတ်ပါ။ ပျော်စေပျက်စေသဘောအဖြစ်သာ ရည်ရွယ်ပါတယ်။

ကျေးဇူးတင်ပါတယ်
ဖြူတုတ်လေး

4 comments:

ရွှေရတုမှတ်တမ်း said...

ဘဘ က ဖရုံယို စားနေကြ...
ဖြူတုတ် လေး ဘူးယို လည်း စားအကောင်းသားကွဲ့..

ဂျစ်တူး ( မုံရွာ ) said...

ဖြူလေးရေ---
မြန်မာစာကိုတော့ရိုက်တတ်အောင်သင်ကွာ---
မုံရွာသားဂုဏ်ကိုတော့ထိန်းစမ်းပါဟာ----
ခင်မင်စွာဖြင့်
ဂျစ်တူး(မုံရွာ)

သူကြီးမင်း (တုံးဖလား) said...

ဘူးရို စားနေတုန်းဘဲလား။

Rita said...

ချစ်စရာကောင်းအောင် ရေးတတ်တယ်